ႀကဳိဆုိပါ၏

ရွှေကောင်းစံ ဖုန်းအမျိုးမျိုး အထူး
ဈေးနှုန်းချိုသာစွာဖြင့် မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။ http://www.techniciankominmin.blogspot.com

IT Kominmin

https://6cfe027e-a-62cb3a1a-s-sites.googlegroups.com/site/techniciankominmin/-application/complete-finish.gif?attachauth=ANoY7cpGquOWVnDdhFw0_tnaUxUXGeWamwc3b08lLyrzMQXZsVFWiYiGi50UcyebTcqM2s5wiaTrQ8E-YRGFV4lhzFGmZ6FHLLRN1Y0RMVlZhmJohXe4cU9D1ou5Prtzef2GgNCsoQi4AZwdVdSakPggYIdY7fww2MTYzS1G4bIMThVGkPBoM5AhpAFNAhgOM77t5q_hbkSRcSdCjv7R-x6pR3z9zMX0r7Wz-pHd9CWXlxOjal2yS4fCkdUvwWJn9a8LmgBEBo6I&attredirects=0

Saturday, May 10, 2014

ကဗျာများ

သံဝေဂ ၈-ပါး

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိချေ၏တကား။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။
၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။
၎။ ၀ိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။
၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။
၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။
၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။






သံဝေဂတေးထပ်

အဇ္ဇေ၀ သုေ၀၀၊ ခုတွေးဆ ပြန်လှန်။
ယနေ့လား နက်ဖြန်၊ ရက်မှန်မှန် မသိ။
အနိစ္စလက္ခဏာရယ်၊ သန်ဘက်ခါ ဆုံးစမရှိ။
လူ့အသက်ပုံပမာ၊ ပဒုမ္မာ နေထိ။
ကုန်မကြာ ကြွေရိလို့၊ ဇာတိပဋိသန္ဓေ။
ဝဋ်ဒုက္ခသံသာဝဲ၊ တနဲစီ ဖြစ်ပျက်သာပွေ။
နောင်ရိက္ခာ ပါလေအောင်၊ အဋ္ဌင်္ဂေသီလနှင့်၊
တစ်လ လေးရက်ကွယ်၊ မြဲပါတော့မယ်။
ကြွင်းနှစ်ဆယ့်ခြောက်ရက်ဝယ်၊
ငါးပါးကွယ် သီလနှင့်လေး။

(စလေဦးပုည) 

ပိုးစုန်းကြူး

တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးတဆန်းပင်၊
အရောင်တွဲ့တွဲ့၊ ထွန်းလင်းခဲ့၊ မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊ အိပ်နေပါ၊ ရောင်ဝါမပေါ်လွင်။

ထိုနည်းတူစွာ၊ လူတို့မှာ၊ ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊ အလုပ်ရှိ၊ လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊ အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။

ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊ မရှိအလုပ်ခွင်။မှေးတေးမှိန်တိမ်၊ သေးသိမ်သိမ်၊ အရှိန်ကင်းလိမ့်ပင်။
လူဖြစ်ပါခဲ့၊ အရှိန်မဲ့၊ တကယ့်နွားအသွင်။

အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဖို့ပြင်။
မကုစားပဲ၊ အပျင်းစွဲ၊ ငမွဲငနုံပင်။

သံပေါက် ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး) 


စိမ်းသင့်မှစိမ်း



သရက်ဖူးပြီကွဲ့
ရွက်ဦးညှာတံကြွေလို့
သီးကင်းတွေကဝေ
နွေဆိုလဲနွေပေါ့ ။
လေသော့ကာမြောက်လေရမ်းပြန်တော့
ပင်နန်းကပန်းတော်ယိမ်းရယ်
တိမ်းသလို အရောင်ဆင်လို့
ဝါကြင်ကြင်မျက်ရည်စတွေနဲ့
နွေပျိုအလှ လေချိုကြရင်ဖြင့်
ညာတံမှာ မြရည်လိမ်းတယ်
ကွယ်.......မင်းဘာကြောင့်စိမ်း ။

နိုးကြွနေသော ဇာတိမာန်

မန်းမြို့ကို ခါတစ်ခေါက်
ရောက်ခဲ့လို့ ပျော်မိတယ်၊
ဘုရားစုံ လယ်ကာဖူး
ကြည်နူးစရာကွယ်။
လက်ရာမြောက် ဆန်းတစ်ကြယ်
ခံ့ထည်ဝါ အလွန်ပေါ၊
တတ်ပညာ အစွမ်းထက်
တွေးလျက် အံ့သြ။
ကျုံးပတ်လည် ကြာတွေသင်း
စီးဆင်းကြ ရေကြည်လင်၊
နီကြင်ကြင် မြမြို့ရိုး
ပြအိုး ပစ္စယင်။
နယ်ချဲ့တို့ ရက်စက်ဉာဉ်
တို့ဘုရင် နန်းမှာချ၊
ဆွေးမပြေ တွေးကာကြည့်
ဇာတိမာန်ကြွ။

ဇာနည် 
 

မြတ်ဘုရား ရွှေတိဂုံ

မြန်မာတို့ ဂုဏ်ဆောင်
ရွှေတောင်ကြီး တင်စား၊
သိင်္ဂုတ္တရ ကုန်းပေါ်
ပျော်စံတဲ့ ဘုရား။

ကောင်းကင်က ပြာပြာ
တိမ်မိလ္လာ ဖွေးဖွေး၊
ရွှေတောင်ကြီး ပနံရ
သပ္ပါယ်စွလေး။

ရွှေတောင်ကြီး အလယ်ခံ
စေတီရံ ပတ်လည်ဝိုင်း၊
အရှေ့တောင် ထိုအရပ်က
ညောင်အို ခါးကိုင်း။

ဘုရားလေးဆူ
မျက်နှာမူ ထိုလေးရပ်၊
ကကုသန် ကဿပ
ဂေါတမ ကောဏာဂုံ ဗုဒ္ဓရှင်မြတ်။

ပြည်နိဗ္ဗာန် 
အာရုံခံ တန်ဆောင်း၊
တရားသံ ချိုသာသာနဲ့
အေးရိပ်ဆာကျောင်း။


ဆည်းလည်းသံ ချိုလွင်
ဝေဟင်ထက် ဟိုအနား၊
ရွှေထီးတော် ဘုံအမြင့်
လေဝင့်တိုင်းကြား။


ဘုရားရင်ပြင်
စုံလင်တဲ့ လူစု၊
နေ့ညကွယ် ပန်းဆီမီး
ဆည်းကပ်လှူပြု။


အရှေ့ အနောက် တောင် မြောက်
တည်ဆောက်တဲ့ စောင်းတန်း၊
မြန်မာ့ရိုးရာ ပန်းချီပန်းပု
ရေးထုပုံဆန်း။


မြန်မာတို့ ဗိသုကာ
အနုပညာစံထား၊
ကမ္ဘာ့အလယ် ဂုဏ်တင့်လို့
ဝင့်ထည်တကား။
 
မင်းရွှေမင်း (အင်းစိန်)
 
 

ခရီးဖော်

ခရီးတစ်ခု သွားမည်ပြုသည်
ယခုပင်လား နက်ဖြန်လားဟု 
ပိုင်းခြားရေရာ မမှန်းသာလည်း 
သေချာတိကျ ထိုလမ်းမသို့
မုချမသွေ လှမ်းရချေအံ့။

လှမ်းခဲ့ပါသော် 
အဖော်တစ်သင်း ဆွေခပင်းနှင့် 
မိတ်ရင်းဆွေချာ ဉာတကာတို့ 
လိုက်ပါနိုင်မည် မဟုတ်ချေ။

အမိအဖ သားလှသမီး ချစ်ဇနီးတို့ 
ခရီးသွားရာ ထိုဒေသာသို့
လိုက်ပါနိုင်မည် မဟုတ်ချေ။


ကိုယ်ပိုင်ဆိုင်ရာ များလှစွာသော 
ဥစ္စာပစ္စည်း အသီးသီးလည်း 
ခရီးသွားရာ ထိုဒေသာသို့
ပါသွားနိုင်မည် မဟုတ်ချေ။


သတိတမံ အသိဉာဏ်နှင့်
ဝေဖန်ပိုင်ပိုင် သုံးသပ်နိုင်ခဲ့
ကိုယ်တိုင်လျှင်ပြု မြတ်ကောင်းမှုသာ
ကိုယ့်နောက်ပါဟု 
စိတ်မှာဆင်ခြင် တရားယှဉ်ကာ 
ကြိုတင်ပြင်ဆင် ရတော့မည်။
ခရီးဖော်ကို တွေ့လေပြီ။


မောင်မောင်မိုးအောင်


ဤသာသနာ ကောင်းစွာတွေ့ကြုံ ဘ၀ဂုဏ်


* ပညာနည်းပါး၊ သဒ္ဓါရှား၊ စွမ်းအားမစုံက။
* ကောင်းတာမြင်လဲ၊ မတွေ့ဘဲ၊ ချွတ်လွဲတတ်ကြရ။
  ( ကောင်းတာကြုံလဲ၊ မကြိုက်ဘဲ၊ ချွတ်လွဲတတ်ကြရ )။
* ပညာပေါများ၊ သဒ္ဓါပွား၊ စွမ်းအားပြည့်စုံက။
* ဤသာသနာ၊ ကောင်းစွာတွေ့ကြုံ၊ ဘ၀ဂုဏ်၊ ပြည့်စုံအေးချမ်းရ။


တိပိဋက ယောဆရာတော်
၄၅-နှစ် ရဟန်းသက်စာအုပ်မှ 
 
 

မဆုံးသံသရာ

(၁) 
ချက်-ချက်-ချက်-ချက်
စက္ကန့်-မိနစ်-နာရီ
ငါ-သူတပါး-ယောက်ျား-မိန်းမ
ပုဂ္ဂိုလ်-သတ္တ၀ါ-အားလုံး
ဖြစ်-ပျက်-ဖြစ်ပျက်။

(၂) 
ချက်-ချက်-ချက်-ချက် 
နှစ်ဆယ့်လေးနာရီ - တရက်
လောဘ-ဒေါသ-မောဟ ပိတ်ဖုံး
ဖြစ်-ပျက်-ဖြစ်ပျက်။

(၃)
ချက်-ချက်-ချက်-ချက်
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး-တနှစ်
နှစ်ပေါင်းများစွာ အချိန်တွေညောင်းလာ
ဇာတိ-ဇရာ-မရဏ နောက်ဆုံး
ဖြစ်-ပျက်-ဖြစ်ပျက်။

(၄) 
တချက်ချက်နဲ့
ဘ၀ရဲ့ ဇယားကွက်မှာ
အ၀ိဇ္ဇာ...တဏှာ..နာရီလက်တံလှည့်
စက်မပျက်သေးသမျှ
ဖြစ်-ပျက်-ဖြစ်ပျက်
သံသရာမဆုံး တလျှောက်လုံး။ ။

ပြည့်ဖြိုးလျှံ
 
 

အနန္တမေတ္တာ

အဇာတသတ်၊ ကိန်းဝပ်သန္ဓေ
တည်နေချိန်က၊ အဖသတ်သား
မွေးမည်ငြားဟု၊ ဟောကြားကြိုတင်
သူသိမြင်လည်း.....
ချစ်ကြင်မဆုံး၊ ပီတိဖုံး
ဗိမ္ဗိသာရ မြတ်နှလုံး။

မင်းမြတ်မဟာ၊ အဇာတသတ်
ဒေ၀ဒတ်အား၊ လူပေါင်းမှား၍
တရားမမြင်၊ အမှားဝင်ပြီး
ဖခင်သတ်စေ၊ သူမိန့်ခြွေလည်း
အသေခံချစ်၊ အဖမေတ္တာ
နှိုင်းစရာကား.....
ကမ္ဘာအနန္တ၊ ရှာမရနိုင်.....။

ရှင်မောဂ္ဂလာန်လောင်း
မျိုးကောင်းသားလှ၊ ဖြစ်ခဲ့ကြစဉ်
မယားစကား၊ သူယုံမှား၍
နွားလှည်းပေါ်တင်၊ မွေးမိခင်ကို
တမင်လှည့်စား၊ ခေါ်ဆောင်သွားပြီး
နယ်ခြားတောတောင်၊ ညဥ့်အမှောင်မှာ
ဟန်ဆောင်သရုပ်၊ သူခိုးလုပ်၍
တုတ်နှင့်ရိုက်သတ်နေစဉ်ဝယ်...

မျက်စိမမြင်၊ မွေးမိခင်က
သားလှလူလေး၊ လွတ်အောင်ပြေး-ဟု 
ငိုကြွေးရင်ထိတ်၊ ဖိတ်ဖိတ်ယိုကျ 
မျက်ရည်စနှင့်၊ သောကဝေဖြာ
ပူဆွေးရှာလျက်.....

ဝေးပါစေသား ဘေးရန်များ။
သားလှအတွက် မေတ္တာပွား။

မိဘမေတ္တာ နှိုင်းစရာကား
ဘယ်မှာရှာတွေ့နိုင်ပါအံ့။
မိဘမေတ္တာ စမ်းသီတာကား
ဘယ်ခါခန်းခြောက်နိုင်ပါအံ့။
မိဘမေတ္တာ ရတနာကို 
ဖွေရှာအစား မထိုးနိုင်တကား။

မျိုးဇော်သိန်း
 
 

ဝိပဿနာအကျိုး လင်္ကာ

လက်ရှိခန္ဓာ၊ မတွယ်တာနဲ့
နောင်လာဘ၀၊ မတောင့်တဘဲ၊
ကြောင့်ကြဇွဲဖြင့်
အမြဲမပြတ်၊ ၀ိပဿနာ
လေ့လာကြိမ်ကြိမ်၊ အာစိဏ္ဏကံ
ဖြစ်ကြောင်းဖန်မူ၊ ထိုသည့်သူကား
အယူမလွဲ၊ ဂတိမြဲ၏။

မီးစွဲလောင်မှ၊ ရေကို တသော်
မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍
မဂ္ဂင်သန္ဓေ၊ တည်နေမြဲအောင်
မသေခင်က၊ ပြင်ဆင်တောက်လျှောက်
မေ့မပျောက်နဲ့။
ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်
အပြီးမုချ၊ မဂ္ဂင်ရလိမ့်။

ကိစ္စမလျော်၊ အကြောင်းပေါ်၍
မတော်တဆ၊ မဂ်မရဦး
ဘ၀အစွန်၊ တမလွန်တွင်
ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍
မဖောက်မပြန်၊ သောတာပန်အစစ်
ဧကန်ဖြစ်သည်၊ မလစ်ဝိပဿနာ အကျိုးတည်း။
 
 
 

နှစ်ကိုယ့်တစိတ်

သူက တအိမ်
ငါက တအိမ်
အိမ် ဖွဲ့စည်းပုံချင်း မတူ
အရပ် ဒေသချင်း မတူ
ဥတု စံတော်ချိန်ချင်း မတူ
မိတ်သင်္ဂဟချင်း မတူ
(သို့သော်)
နှလုံးသားချင်း တူ၏
သံယောဇဉ်ချင်း တူ၏
ခံစားမှုချင်း တူ၏
အယူအဆချင်း တူ၏
နားလည်မှုချင်း တူ၏
အလိုက်သိမှုချင်း တူ၏
စာနာမှုချင်း တူ၏
တူနှစ်ကိုယ် မည်မျှဝေးစေ
သူ့အိမ်ကို ငါ နေ့တိုင်းရောက်
ငါ့အိမ်ကို သူ နေ့တိုင်းရောက်
ငါက တအိမ်
သူက တအိမ်
(သို့သော်)
ထာဝရ နှစ်အိမ့် တအိမ်။

မောင်သွေးသစ်  



အသိကလေးကပ်၍

ကြေးစည်သံချို၊ သတိကိုလှုပ်နှိုး
မေတ္တာမိုးရွာ နံနက်ခါ။

ဆည်းလည်းသံချို၊ စိတ်ကို လှုပ်နှိုး
သဒ္ဒါမိုးရွာ နေ့လယ်ခါ။

ခေါင်းလောင်းသံချို၊ ရင်ကိုလှုပ်နှိုး
ပီတိမိုးရွာ ညနေခါ။

ဘုရားအရိပ်၊ တရားရိပ်မှာ
တနေ့တာလုံး၊ ကျိုးရှိသုံး၍
နှလုံးမွေ့လျော်၊ သိစိတ်ဖော်
လူဖြစ်တော်စွ၊ တခဏ။

ဘဝချိန်တို၊ နေမညိုမီ
ကိုယ်စီရိက္ခာ၊ အပြည့်ပါအောင်
အခါမလပ်၊ အသိကပ်
အမြတ်ယူနိုင်ကြစိမ့်လေး။

ကြည်အောင် (အင်္ဂပူ) 
 
 

သီလ

( သီလ စင်ကြယ်ခြင်း၏ ကောင်းကျိုး)
သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမူ
စီးပွားတိုးလျက်၊ နာမည်တက်၍၊
ရွံ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏။
သေခြင်းဆိုက်လတ်၊ သတိကပ်လျက်၊
ရောက်ရနတ်ဝယ်၊ ဤငါးသွယ်၊
ရဖွယ်ကောင်းကျိုးတည်း။

(သီလပျက်စီးခြင်း၏ ဆိုးကျိုးများ)
သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ ပျက်စီးငြားမူ-
စီးပွားလည်းပျက်၊ နာမည်ပျက်၍၊
ရွံ့ရှက်ကြောက်လျင်း၊ ပွဲလယ်ချဉ်း၏၊
သေခြင်းဆိုက်လတ်၊ သတိလွတ်လျက်၊
ရောက်လတ်ဒုဂ္ဂတိ၊ဆင်းရဲဖိသည်၊
ရ၏ ဆိုးကျိုးများစွာတည်း။

အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ  

အကြွေး

သင်္ဃဿမည်၊ နဂိုလ်ပြည်သို့
ရောင်ခြည်ဖြာဝင်း၊ လူ့ပြည့်ဆင်းသည့်
လူမင်းစောလှ၊ မြတ်ဗုဒ္ဓကို
မျှော်တပြောင်းညွှတ်၊ ဝါလကျွတ်လျှင်
ဦးညွှတ်ဆင်နွှဲ ဆီမီးပွဲ။

တုသိတာရှိ၊ ရှင့် အမိကို
တင်ဘိနို့ကြွေး၊ ဆပ်ရန်တွေး၍
လေးလ ဝါတွင်း၊ တရားခင်း၍
အချင်းကျယ်ဝန်း၊ မြတ်ပဋ္ဌာန်းနှင့်
လန်းဆန်းဟောညွှန်၊ ဆုံးမသွန်လည်း
ကျွံသည့်နို့ ကျိုး၊ တစ်လုံးဖိုးသာ
မြတ်နိုးဆပ်ရာ၊ ကျေခဲ့စွာဟု
စာမှာမြင်ရ သံဝေဂ။

အမိကျေးဇူး၊ တင်ခဲ့ဖူးကို
ဦးချပြောင်းညွှတ်၊ ဝါလကျွတ်တွင်
ကောင်းမွတ်ပြည့်လုံ၊ မုန့်မျိုးစုံနှင့်
ခိုလှုံပေးလှာ၊ ငါဆပ်ပါလည်း
မေတ္တာကြွေးခက်၊ နို့တစက်ပင်
ကျေပျက်မရှိ၊ ငါတွေးမိသော်
သတိစိတ်မှာ တွေးထိတ်လာ
အမိရိပ်ဆာ ဘေးပိတ်ကွာ။

တိုက်စည် (မအူပင်) 
 
 

ဓမ္မရသ ကဗျာ

( အနှစ် )

နေ့မအား ညမအား
ခဏ မနား ဖွေရှာ၊
ငါကိုယ်တိုင်ရှာမှီး
ပစ္စည်း ဥစ္စာ။

ရှာမဆုံး သံသရာ
ကြာရှည်စွာ မျှော်ကာကြည့်
တနေ့တွင် ပြည့်လိမ့်နိုး
မျှော်ကိုး ခုထိ။

ငါဖွေရှာ ငါ့ခရီး
ငါ့ပစ္စည်း ငါမပိုင်
ရန်မျိုးစုံ အဖျက်ကြီး
ပျက်စီးစေနိုင်။

အချိန်တန် ကိုယ်ကစွန့်
သူကစွန့် မြဲမခိုင်
အမြဲရင်ဆိုင် သဘာဝ

သို့ကြောက်စရာ
ကိုယ့်နောက်ပါ အမွေထုပ်ကို
ရွေးနှုတ်လှူမှ ။

( ဇာနည် )  

ငါ သေခဲ့မယ်ဆိုရင်

၁။
သေမင်းနှင့် ငါဟာ
ချိန်းထားတာ မဟုတ်လေတော့
အကြောင်းကြောင်းတွေကြောင့်
ခုနေများ-----တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ငါ့ကိုတမ်းတပြီး
ငိုမယ့်လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။

၂။
အသေစောလှချည်ရဲ့---ဆိုပြီး
ဝမ်းနဲပက်လက်နဲ့
အထက်မိုးကောင်းကင်ထိ
မြည်ဟီးတုန်လှုပ်သွားရအောင်
ပူဆွေးသောကတွေကို
တံပိုးခရာလုပ်ပြီး မှုတ်မဲ့လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။

၃။
သေသွားတဲ့ ငါ့မှာလည်း
ငိုယိုပြီး တမ်းတနိုင်လောက်တဲ့
လွမ်းလောက်တဲ့ အရည်အချင်းတွေ
လုပ်ဆောင်ချက်တွေ ဆိုတာလဲ
လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်
မယ်မယ်ရရ ဘာမှ မရှိလှပါဘူး။

၎။
ငါကိုယ်တိုင်ကလဲ
ငါသေရင် ငိုယိုတမ်းတမယ့်သူတွေကို
မမျှောင်လင့်ပါဘူး
ငါသေသွားလို့
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်နေမယ့်သူတွေ
လုံးဝ မရှိစေချင်ပါဘူး။

၅။
သေသွားမှ လာငိုတဲ့အလုပ်
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်ရတဲ့ အလုပ်တွေကို
အကျိုးရှိတဲ့ အလုပ်တွေလို့
ငါ လုံးဝ မယုံကြည် မယူဆခဲ့ပါဘူး
ငါကိုယ်တိုင်လဲ
ဘယ်သူသေတာ မြင်ရလို့မှ
ငိုကြွေးတာ ပူဆွေးတာ မရှိခဲ့ပါဘူး။

၆။
ခုနေများ---တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ထွေထွေထူးထူးလဲ
ငါ ဘာကိုမှ မတောင့်တပါဘူး
အသက်ဝိဉာဉ် ကင်းမဲ့နေပြီဖြစ်တဲ့
အနှစ်မရှိတဲ့ ငါ့အလောင်းကို
တွေ့ကြ မြင်ကြပြီး
မသေခင်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို
ကြိုးစားလုပ်ဆောင်ရမယ်
သေသွားရင် ဒီခန္ဓာကိုယ်ကြီးက
ဘာမှ အသုံးမကျတော့ပါလားဆိုတဲ့
အသိဉာဏ်တွေ ဖြစ်ပေါ်မယ်
သေခြင်းတရားနဲ့ ပတ်သက်တဲ့
သတိဝံဝေဂဉာဏ်တွေ ရရှိမယ်
အသုဘနိမိတ် အသုဘ သညာတွေ ထင်မြင်မယ်
မရဏာနုဿတိလို့ခေါ်တဲ့
သေခြင်းတရားကို အဖန်ဖန် အောက်မေ့သတိရတဲ့
သတိတရားတွေနဲ့ အသုဘကမ္မဋ္ဌာန်းတွေ
လေးလေးနက်ကန် ပွားများဖြစ်ကြမယ်-ဆိုရင်
သေသွားတဲ့ငါက ကျေနပ်မိမှာပါပဲ
အခုလောလောဆယ်တော့ ငါ မသေသေးပါဘူး
ဒါပေမယ့်
သေချာတာတခုကတော့
အချိန်မရွေး ငါသေနိုင်တယ်ဆိုတာပါပဲ။

( မြတ်နွယ်-ပတ္တမြားမြေ ) 
 
 

အမေ့ တမ်းချင်း

တပြားမယူ
အခမဲ့ ကူညီပါသည်တဲ့
ဒီ အသင်းမျိုး
( နာရေးကူညီမှုအသင်း ရန်ကုန် )
မင်းတို့ရန်ကုန်မြို့မှာ ရှိနေပြီလား
မကြား-----ကြားဖူးပေါင်၊

ဟိုတုန်းက မြို့ရန်ကုန်
အမေဖြင့်
မနေရဲ မသေရဲ
အခုတော့ဖြင့်
( ဒီအသင်း ရှိနေရင်ဖြင့် )
အမေ
နေရဲ သေရဲပါပြီကွယ်။

( စောဝင်း-မွှေးလေး )  


ငါ့ရဲ့ အချိန်အခါ

ပြီးပြီ
ဘာဆို ဘာမှ မကျန်တော့ဘူး
ဗလာသက်သက် အလှပြတဲ့နေရာ
ဒီမြေမှာ သူတို့အနားယူကြပြီ။

မြင်နေတယ်
ကောင်းကင်မှာ အသားမပါတဲ့ ၀ိညာဉ်တွေ
မီးညွတ့်ကြားက ရုပ်သေဓာတ်ပုံတွေ
ပြိုလဲကျတဲ့ သက်ရှိခန္ဓာနဲ့ သက်မဲ့တွေ
အိုးစားကွဲ သေဆုံးခဲ့တဲ့ စကားလုံးတွေ
စံပယ်ပန်းတွေကြားက
တည်ငြိမ်နေတဲ့ မျက်လုံးများစွာတွေ။

ယပ်တောင်ရတယ်
သံဝေဂရတယ်
အပူထဲက ရေကြည်တပေါက်ရတယ်။

သေချာပါတယ်
အတွေးသက်သက်ဆိုတာ အရုပ်ထင်စေတာမှ မဟုတ်ဘဲ
စိတ်ကူးခံတပ်က စိမ့်ကျလာတဲ့ရေ
အခွင့်အရေးဆိုတာ သေပန်းပွင့်ချိန်ပါပဲ
ငါစောင့်နေရတဲ့ရက်တွေ။

( အေဖော်နိုင် ) 
 

ပေးဆပ်သူတို့ နားသည့်အချိန်

တနှစ်မှာ တလ၊ တလမှာ တရက်ဆိုတာ
ပိတောက်ပွင့်တဲ့ရက်။
တနှစ်မှာ ၁၂-လ၊ တလမှာ ၃၀၊ ၃၁-ရက် ဆိုတာ
နာရေးအသင်း ဖွင့်တဲ့ရက်။
ဒါဆိုရင် ဘယ်လိုရက်မှာများ မင်းတို့နားကြရသလဲ
သိချင်လို့ မေးလာကြတဲ့အခါ
ကျွန်တော်တို့ ပြန်ဖြေရတယ်လေ
အသင်းက ကျွန်တော်တို့ကို ပြန်ကူညီရတဲ့နေ့မှာ
ကျွန်တော်တို့ နားရပါတယ်-လို့။

( ၁၁-၁၁-၂၀၀၄ နေ့တွင် ကွယ်လွန်သွားခဲ့သော နာရေးကူညီမှုအသင်း ဈာပနကော်မတီ ဦးတင်ဝင်း
(ရွှေပြည်သာ) သို့ အမှတ်တရ။

( ၀င်းမြင့်ဝင်း-ရာမည )  

အတ္ထုပ္ပတ္တိ

သူ့ခမျာ
မွေးတုန်းကလည်း ခြေဗလာ လက်ဗလာ

သူ နေသွားရတဲ့
အသက်လေးဆယ်အရွယ်အထိ
ခြေဗလာ လက်ဗလာ။

သေဆုံးသွားရှာတော့လည်း
ခြေဗလာ လက်ဗလာ
ကူးတို့ခတောင် မရှိရာ
အဲဒါ သူ့အကြောင်း သူ့အတ္ထုပ္ပတ္တိပါပဲ။

( ထွန်းဝေဖြင့် ) 
 

လက်ဖက်ရည်ဆိုင်က ရတဲ့တရား

မနေရလို့ သေကြသောခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ
ပစ္စည်းစုစု တခုမပါ
ကိုယ်ပြုငြား ကံများပါမည်သာ

လက်ဖက်ရည်ဆိုင် မနက်ထိုင်ရင်း
ဆိုင်တွင်းနံရံ ပုံမှန်မြင်ရ
တရားပြသယောင် ဆောင်ပုဒ်ကလေး
အတွေးနယ်ချဲ့ ထိတ်လန့်ခဲ့တယ်။

ဒီဆောင်ပုဒ်လေး
ရေးသူမသိ သို့ပေသည့်လည်း
ရင်ထဲထိမှန် ပြန်လှန်ခံစား
အမှားပြင်ဆင် တရားမင်လေ
ဆင်ခြင်နေဘိ ဆိုသည့်အလား။

ဇရာဖက်နှင်
ရွယ်လွန်ရွေ့လျား နေ့များကုန်ရင်း
သေခြင်းတရား တံခါးခေါက်လာ
ငါတွေဝေရင်း လက်တွင်းဗလာ
ဘာယူသွားမလဲ တွေးနေဆဲ။

( ရွှေညာခိုင်စိုး )  

အသုဘပို့ခြင်း

ယပ်တောင် ဖျပ်ဖျပ်
တခတ်ခတ်နဲ့
ပါးစပ်လှုပ်လှုပ် အတင်းတုပ်
ထိုအုပ်ထဲမှာ
အသင်ပါသလား။

တဟားဟားနဲ့
အားရရယ်မော တသောသော
တောပြောတောင်ဆို တဟိုဟို
ထိုလူစုမှာ
အသင်ပါသလား။

လူအထင်ကြီး ဂုဏ်ယူပြီး
ဖြီးဖြန်းဗေဒ အနိစ္စဟု
စိတ်ကမပါ ဟောင်ဖွာဖွာနဲ့
နှုတ်အာကျယ်လောင်
စကားဖောင်ဖွဲ့
လူပြောင်ထဲမှာ
အသင်ပါသလား။

ဇာတိဇရာ
ဗျာဓိမရဏ
သဗ္ဗေသတ္တာ သင်္ခါရာဟု
ပညာဉာဏ်ယှဉ် သမ္ပဇဉ်ဖြင့်
(သူလျှင်ရှေ့က သွားနှင့်ရလည်း
နောက်ကတို့တွေ လိုက်ရပေအံ့
မသေမဦး ငါဉာဏ်ဦးမှ)
စိတ်ကူးဖြောင့်မတ်
ဖြစ်ပျက်မှတ်ကာ
ပို့တတ်ပါစ အသုဘ။

( ဇော်နောင် )
 

ပရဟိတ မွန်မြတ်လှ

နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။

မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။

မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။

ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။

ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။

ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )  



 
 
 

Wednesday, May 7, 2014

 photo website logo copy_zpsttyhoshx.jpg

background


စိတ်အမောပြေ Piano လေး တီးလိုက်ပါ

mmmm